သီတင်းကျွတ်တဲ့ ည …
ဘာမင်ဂန် ဘုရားမှာ မီးထွန်းပွဲလုပ်မယ်လို့ သတင်းရကတည်းက သွားချင်နေတာ တပိုင်းကိုသေလို့။ မီးထွန်းပွဲနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ရှိပြီလေ။ ဟုတ်တယ် … ဝေးခဲ့တာ ၂၀၀၇ ခုနှစ်က စလို့ပဲ။ ၂၀၀၇ ကနေ ၂၀၀၉ ထိ သီတင်းကျွတ်ညတွေ ရောက်တိုင်း “ဒီအချိန်ဆို” …. လို့သာ အဝေးကနေ တမ်းတရင်း လွမ်းနေခဲ့ရတယ်။ ဒီနှစ်တော့ ဘာမင်ဂန်စေတီမှာ မီးထွန်းပွဲလုပ်မှာမို့ သီတင်းကျွတ်က ကိုယ့်အနားရောက်လာပြီ ဆိုပါတော့။ ဒီညအတွက် ကြိုတင်ပြီး ဖယောင်းတိုင်တွေဝယ်၊ ပန်းတွေဝယ်၊ သံဃာတော်တွေအတွက် စားစရာတွေချက်ပြုတ် … ကျမတယောက်ထဲ အလုပ်ရှုပ်လို့ပေါ့။
ရာသီက အေးမြမြ၊ မိုးက ဖွဲဖွဲကျ … “သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး” ဆိုတဲ့အတိုင်း ပလ္လင်ဆေးမိုးရွာနေသလား မသိပါဘူး။ မီးခိုးရောင် တိမ်တိုက်တွေကြားမှာ လမင်းက ပေါ်ချည် ပျောက်ချည်။
ဘုရားကိုရောက်တော့ မှောင်စပျိုးနေပြီ။ စေတီအ၀င်ဝမှာ ချိတ်ဆွဲထားတဲ့ မီးပုံးကလေးတွေ လေတိုက်တိုင်း ယိမ်းနွဲ့နေကြတာ စေတီထက်က ဆည်းလည်းသံရဲ့ စည်းချက်နဲ့အညီပဲ။ စေတီအ၀င်မှာ ဖယောင်းတိုင်လေးတွေ ထွန်းနေကြတာ မြင်လို့ နောက်ကျပြီလားလို့ ကမန်းကတန်း သွားရတယ်။ မီပါသေးတယ်။ ယူလာတဲ့ ဖယောင်းတိုင်လေးတွေကို မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော် ရှေ့မှာ အစီအရီ မီးထွန်းညှိကြတယ်။
(မှတ်ချက်။ ဒီလိုပုံထွက်အောင် တော်ရုံလူ မရိုက်နိုင်ပါ။ ဘုန်းကံကြီးမားသော ပုဂ္ဂိုလ် ရိုက်ပေး၍သာ ဒီပုံစံ မြင်ရခြင်းဖြစ်၏။ )
သရီးဒီအလား ခပ်ဝါးဝါး …
(မသိရင် သရီးဒီပုံလိုလို ဘာလိုလိုပေါ့။ ဘာမင်ဂန်ကျောင်းက ဘုန်းဘုန်းတပါး ရိုက်ပေးထားတာပါ။)
ထွန်းညှိဆီမီး ထိန်ထိန်ညီး
ဆီမီး ရေချမ်း မွှေးပျံ့ပန်းနှင့် …
(လာရောက်ကြသူတွေအားလုံး ပန်း ဆီမီး အမွှေးတိုင် သစ်သီးတွေ ဘုရားကို ကပ်လှူကြတယ်)
သြ၀ါဒစကား မိန့်မြွက်ကြား
(ဆရာတော်ဦးဥတ္တရဉာဏက သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အကြောင်း အကျဉ်းချုပ်ပြောပြပါတယ်)
ပ၀ါရဏာ စုံသံဃာ
ရွတ်ဖတ် စီးဖြန်း မြတ်ပဋ္ဌာန်း
(ဒီပုံထဲမှာ ဘိလပ်က နာမည်ကြီး ဘလော့ဂါ နှစ်ဦးပါတယ်)
ရတနာ သုံးပါး ရိုညွတ်တွား
ရေးခဲ့ဖူးသော … သီတင်းကျွတ် အလွမ်း